- Get link
- X
- Other Apps
တရုတ်နိုင်ငံက တန်ချိန် ၂.၄၅ ခန့်ရှိ COVID-19 ရောဂါတိုက်ဖျက်ရေးဆိုင်ရာ ဆေးပစ္စည်းကိရိယာများ မြန်မာနိုင်ငံသို့ ဒုတိယအကြိမ် ထောက်ပံ့
- Get link
- X
- Other Apps
တရုတ်နိုင်ငံက မြန်မာနိုင်ငံသို့ ထောက်ပံ့သော COVID-19 ရောဂါတိုက်ဖျက်ရေးဆိုင်ရာ ဆေးပစ္စည်း ကိရိယာများ ဒုတိယအသုတ်အဖြစ် မတ် ၂၆ ရက် ညပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာခဲ့ကြောင်း တရုတ်သံရုံး၏ သတင်းထုတ်ပြန်မှုအရ သိရသည်။
ဒုတိယအသုတ် ရောက်ရှိလာသော အဆိုပါ ဆေးပစ္စည်း ကိရိယာများကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai မှ မြန်မာနိုင်ငံအစိုးရ ကိုယ်စားလှယ်၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ဆေးသုတေသန ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်သန်းထွန်းထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
ယခုထောက်ပံ့ပေးအပ်သည့် ဆေးပစ္စည်းကိရိယာများတွင် တစ်ကိုယ်ရည်သုံး ရောဂါကာကွယ်ရေးဝတ်စုံ (PPE) ၅၀၀၀၊ N95 နှာခေါင်းစည်း ၅၀၀၀ နှင့် တစ်ခါသုံးနှာခေါင်းစည်း ၂ သိန်းတို့ပါဝင်ပြီး စုစုပေါင်း တန်ချိန် ၂.၄၅ ရှိကြောင်း တရုတ်သံရုံး၏ သတင်းထုတ်ပြန်သည်။ထို့ပြင် မြန်မာနိုင်ငံ၏ လက်တွေ့အခက်အခဲများနှင့် လိုအပ်ချက်များကို ပေါင်းစပ်သုံးသပ်၍ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ အပူချိန်တိုင်းကိရိယာ စသည့်ဆေးပစ္စည်း ကိရိယာများ ပို့ဆောင်သွားရန် စီစဉ်လျက်ရှိပြီး မကြာမီတွင် လွှဲပြောင်း ပေးအပ်မည်ဖြစ်ကြောင်း ယင်းသတင်းထုတ်ပြန်ချက်က ဆိုသည်။
ဆေးပစ္စည်းများ လက်ခံခဲ့သော ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်သန်းထွန်းက တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ဆေးပစ္စည်းကိရိယာများ ထောက်ပံ့ပေးသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ တရုတ်နိုင်ငံ၏ ထောက်ပံ့ကူညီမှုသည် အလွန်အချိန်မီကြောင်း၊ မြန်မာနိုင်ငံ၏ ဆေးပစ္စည်း ကိရိယာများ လိုအပ်နေသည့် အခက်အခဲကို ဖြေရှင်းပေးနိုင်ပြီး တရုတ်နိုင်ငံအစိုးရနှင့် ပြည်သူတို့၏ မြန်မာနိုင်ငံအပေါ် ထားရှိသော နက်ရှိုင်းလှသည့် “ဆွေမျိုးပေါက်ဖော်” ချစ်ကြည်ရေးကို ထင်ဟပ်နေကြောင်း၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန အနေဖြင့် တရုတ်နိုင်ငံမှ ပေးအပ်သည့် ဆေးပစ္စည်း ကိရိယာများကို အမြန်ဆုံး ခွဲဝေပေး၍ လိုအပ်သည့် နေရာများ၌ အသုံးပြုနိုင်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။
မြန်မာနိုင်ငံသို့ ပထမအကြိမ် ထောက်ပံ့ရာတွင် COVID-19 ဗိုင်းရပ်စ်ပိုး ဓာတ်ခွဲစစ်ဆေးရေး ကိရိယာ ၂၀၀၀ ကျော်နှင့် နှာခေါင်းစည်း စသည့်ဆေးပစ္စည်း ကိရိယာများ ပါဝင်ခဲ့ကြောင်း သိရသည်။
EMG
Comments
Post a Comment