- Get link
- X
- Other Apps
- Get link
- X
- Other Apps
COVID-19 ကာကွယ်ရေးအတွက် ကျန်းမာရေးအထောက်အကူပြုယာဉ်တစ်စီး ကို မြိတ်မြို့တွင် စတင်တီထွင်ထားပြီး တခြားမြို့များအတွက် လိုအပ်လာပါက လက်ခမယူ အခမဲ့တပ်ဆင် ကူညီပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သာမန်လူနာတင်ယာဉ်များနှင့် မတူဘဲ လူနာနှင့်ယာဉ်မောင်းသီးသန့်ခွဲထားပြီး ပိုးသတ်ဆေးဖျန်းသည့်စနစ်များ၊ လေဝင်လေထွက်စနစ်များကို အပြင်မှ ထိန်းချုပ်ဆောင်ရွက်ထားသည့် စနစ်များပါဝင်သည့် အထောက်အကူပြုယာဉ်ကို မတ် ၂၇ ရက်တွင် စတင်စမ်းသပ်တီထွင်ပြီးဖြစ်သည့်အတွက် အကူအညီများ တောင်းခံလာပါက အခမဲ့ ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
“ ပြီးခဲ့တဲ့ရက်က သံသယလူနာတစ်ဦးတင်သွားတဲ့ လူနာတင်ယာဉ်တစ်စီးကို လူမှုကွန်ရက်မှာ တွေ့လိုက်ရတယ်။ အဲဒီမှာ စဉ်းစားမိတာက ကားပေါ်မှာပါသွားတဲ့ လူတွေမှာ လုံခြုံမှုမရှိဘူး။ အဲဒီကားကို ဘယ်လို ပိုးသတ်စနစ်နှင့် ပြန်ဖျန်းမလဲ။ ဒါကိုတွေးမိတော့ ဒီလိုကားမျိုးလုပ်ကြည့်မယ်ဆိုပြီး ဆုံးဖြတ် လိုက်တယ်။ မနက်လင်းတာနှင့် စလုပ်တော့ ဒီနေ့(မတ် ၂၇ ရက်)မှာတော့ ပြီးသွားတယ်။
နှစ်ရက်လောက်ကြာသွားတယ်။ ကိုယ်ဉာဏ်စွမ်းရှိသမျှ လုပ်ထားတယ်။ ကြမ်းခင်းတွေကို စတီးရေလုံလုပ်ထားတယ်။ အလွယ်တကူ ဆေးကြောလို့ လွယ်အောင်လုပ်ထားတယ်၊ မှန်အစစ်တွေကိုသုံးထားတယ်။ Compose တွေသုံးထားတယ်။ ဘောင်တွေကို စတီးသုံးထားတယ်။ အဲကွန်းကို ၂၄ နာရီမောင်းနိုင်အောင်လုပ်ထားတယ်။ သူ့ဘက်ထရီနှင့်သူ့အင်ဂျင်နှင့်ဆက်ထားတယ်။
ပိုးသတ်စနစ်ကို လူတစ်ဦးဆင်းသွားတိုင်း အော်တိုဖျန်းနိုင်အောင် လုပ်ထားတယ်။ လေပူလေအေးစနစ် ကို အလွယ်တကူသွင်းထုတ်နိုင်အောင် လုပ်ထားတယ်။ ပြီးတော့ လျှပ်စစ်မီးစနစ်ကို သေချာလုပ်ထားတယ်။ မီးချောင်းအဖွင့်အပိတ်ကိုလည်း အပြင်ကနေ ထိန်းချုပ်လို့ ရအောင် လုပ်ထားပါတယ်။ ဘယ်အချိန်ပဲဖြစ်ဖြစ် ၂၄ နာရီစလုံးကူညီမှာပါ။ ဖုန်းဆက်လိုက်တာနှင့် သွားရောက်ကူညီပေးဖို့ စီစဉ်ထားတယ်။ အရပ်ဘက်အဖွဲ့အစည်းပဲဖြစ်ဖြစ် အာဏာပိုင်အဖွဲ့အစည်းပဲဖြစ်ဖြစ် ဖုန်းဆက်လာရင် ကူညီနိုင်အောင် ကြိုးစားထားပါတယ်။ကားကိုဆင်မယ်ဆိုရင် လိုအပ်တဲ့ပစ္စည်းတွေ ဝယ်ပေးပါ။
ကျွန်တော်လက်ခရော၊ လူအင် အားပါစိုက်ထုတ်ကူညီပါ့မယ်။ ကားတစ်စီး အဓိကလိုတယ်။ စတီးနှင့်သုံးမလား၊ သံနှင့်သုံးမလား အဲဒီအပေါ်မူတည်ပြီး ငွေအကုန်အကျကွာသွားမှာပါ။ ကျွန်တော့်ကားကို ဆင်ထားတာကျပ်သိန်း ၃ဝလောက်ကုန်ကျပါ တယ်’’ ဟု COVID-19 အထောက်အကူပြုယာဉ်ကို တီထွင်ခဲ့သူ ဦးကိုင်ဇာဝင်း(ခ) ကိုင်ဇာက ပြောကြားသည်။
COVID-19 ကာကွယ်ရန် အသုံးပြုနေရသည့်ပစ္စည်းများနှင့် ကုသပေးနေရသည့် ပစ္စည်းများမှာ အကုန်အကျများစွာရှိနေပြီး ယခုတီထွင်ထားသည့် အထောက်အကူပြုယာဉ်မှာ အကုန်အကျနည်းသလို ယာဉ်မောင်းများနှင့် လူနာအတွက်ပါ လုံခြုံကြောင်း သိရသည်။ ဆေးရုံများ၊ စားသောက်ဆိုင်များနှင့်ကုမ္ပဏီများတွင် လူဝင်လူထွက်လုပ်သည့် နေရာများအား စောင့်ကြည့်စစ်ဆေးနိုင်ပြီး ပိုးသတ်ဆေးဖျန်းသည့်စနစ်ပါသော ပုံစံအခန်းတစ်ခုကိုပါ တီထွင်နိုင်ရန် စီစဉ်နေကြောင်း ဦးကိုင်ဇာက ဆိုသည်။
“ ဒီပုံးကလူလေးယောက် အလွယ်တကူ မလို့ရအောင်လုပ်ထားတယ်။ ကားလည်း မပျက်စီးပါဘူး။ အိမ်အပြင်မှာထားလို့လည်း ရတယ်။ တခြားကားမှာပြောင်းတပ်လို့လည်း ရတယ်။ တခြားမြို့တွေက မှာယူလာရင်လည်း ကားအမျိုးအစားကိုသိတာနှင့် ကွက်တိဖြစ်အောင်တပ်ဆင်ပေးနိုင်တယ်။ လက်ရှိစောင့် ကြည့်ရေးအဖွဲ့ဆိုပြီး ဆေးရုံတွေမှာဖွဲ့ထားတယ်။ လူတွေမှာ ပိုးပါမပါတော့မသိနိုင်တော့ ဒါပေမဲ့ X-Ray ဖြတ်တဲ့ပုံစံမျိုး ရေချိုးအရွယ်အခန်းငယ်လေးတစ်ခု လုပ်မယ်။လူဖြတ်သန်းလိုက်တာနှင့် ပိုးသတ်ဆေးဖျန်းမယ်။ လူအပြင်ရောက်သွားတာနဲ့ ပိုးသတ်ဆေးဖျန်းတာ ရပ်သွားမယ်။ တစ်ချိန်လုံး စောင့်ကြည့်နေစရာမလိုတော့ဘူး။ ပိုးသတ်ဆေးလည်း သက်သာမယ်။ စပ်ရမယ့်ရေလည်း သက်သာမယ်။ စောင့်ကြည့်ပေးရတဲ့ လူတွေအတွက်လည်း သက်သာမယ်။ အဲဒီလို အခန်းမျိုး နှစ်ခုလောက် လှူပေးဦးမယ်။ သုံးလို့အဆင်ပြေရင် စားသောက်ဆိုင်တွေ၊ ကုမ္ပဏီတွေမှာ အလုပ်တက် အလုပ်ဆင်း နေရာတွေမှာသုံးနိုင်တယ်။အသုံးပြုမယ်ဆိုရင် ကျွန်တော်လက်ခမယူဘဲ အခမဲ့လုပ်ဆောင်ပေးမယ်။ ပစ္စည်းဖိုးကတော့ ကိုယ်တိုင်ဝယ်ပေးရပါ့မယ် ’’ ဟု ဦးကိုင်ဇာက ဆက်လက်ပြောကြားသည်။
မြန်မာနိုင်ငံနေရာအနှံ့အပြားသို့ ပြည်တော်ပြန်များ ဝင်ရောက်လျက်ရှိရာ တချို့ဒေသများတွင် စောင့်ကြည့်နှင့်သံသယလူနာများကို ဆေးရုံသို့တင်ပို့ရာတွင် အဆိုပါ အထောက်အကူပြုယာဉ်ကို အသုံးပြုပါက ပိုမိုလုံခြုံနိုင်မည်ဖြစ်ကြောင်း သိရသည်။
EMG
Comments
Post a Comment