- Get link
- X
- Other Apps
- Get link
- X
- Other Apps
မန္တလေးရှိ COVID-19 ရောဂါ Positive အမျိုးသား စီးနင်းခဲ့သည့် မီနီအိုးဝေယာဉ်မောင်းမှ အစစ်ဆေးခံရန် ဆက်သွယ်လာခဲ့ပြီး ၎င်းစီးနင်းစဉ်က အတူပါလာသည့် အမျိုးသားတစ်ဦးကိုပါ စုံစမ်းနေကြောင်း ချမ်းမြသာစည်မြို့နယ် မဲဆန္ဒနယ်မြေ အမှတ် (၂) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်မိုးထံမှ သိရသည်။ အဆိုပါ COVID-19 ရောဂါ Positive အမျိုးသား နေထိုင်ခဲ့သည့် မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက် မမ၂၇ တိုက်နံပတ် ၆ အား ဝင်ထွက်သွားလာခွင့်ကိုလည်း နံနက်၉နာရီခန့်မှစ၍ ပိတ်လိုက်ပြီဖြစ်သည်။

“အမေရိကန်နိုင်ငံသား စီးနင်းခဲ့တဲ့ မီနီအိုးဝေ ယာဉ်မောင်းက လာရောက်ဆက်သွယ် အစစ်ဆေးခံခဲ့ပါတယ်။ သူနဲ့အတူ နှစ်ယောက်ပါလာတယ်လို့ သိရပြီး အဲဒီလူက လမ်းမှာဆင်းနေခဲ့တယ်လို့ ပြောတယ်။ အခုတော့ ဒီတိုက်ခန်း တစ်ခုလုံးကို ဝင်ထွက်သွားလာခွင့် ပိတ်လိုက်ပါပြီ။ လူနာရဲ့ အမျိုးသမီးကိုလည်း ဆေးရုံပို့လိုက်ပါပြီ။ ကျန်တဲ့မိသားစုဝင်တွေကိုလည်း ခုဆေးစစ်ဆေးမှုတွေ ပြုလုပ်ပြီး ဆေးရုံပို့မှာပါ” ဟု ဦးမြင့်အောင်မိုးက ပြောကြားခဲ့သည်။ ၎င်းနေထိုင်ခဲ့သည့် တိုက်ခန်းအပါအဝင် အခြားအခန်းများကိုပါ ဆေးဖြန်းခြင်း၊ အနီးဝန်းကျင်ရှိ ကား၊ ဆိုင်ကယ် တချို့ကိုပါ ဆေးဖြန်းခြင်း၊ အပြင်မထွက်ဘဲ အိမ်တွင်သာနေကြရန် ရပ်ကွက်အကွက်မှူးများက အသိပေး အကြောင်းကြားမှုများ ပြုလုပ်လျက်ရှိသည်။

“ကျွန်တော်က ဖုန်းပျောက်နေလို့ မသိဘူး။ မနက်ကမှ သူငယ်ချင်းက လာပြလို့ ကြည့်လိုက်တဲ့ခါ ရုပ်ကိုမှတ်မိသွားတယ်။ သူဖြစ်နေတာ သေချာတာကြောင့် အစစ်ဆေးခံဖို့ လာခဲ့တာပါ။ ကျွန်တော်ခေါ်လာခဲ့တာ နှစ်ယောက်ပါ။ သူ့တပည့်လို့ သိရပါတယ်။ ဖုန်းပြောတာ ကြားရသလောက် သူ့ကိုယ်သူလည်း သံသယရှိတဲ့ပုံပါပဲ။ ကျွန်တော်လည်း ပူးပေါင်းဆောင်ရွက်ချင်လို့ အစစ်ဆေးခံဖို့ လာခဲ့ပေမယ့် ၁၄ ရက် နေရမယ် ဆိုရင်တော့ လုပ်ငန်းတော့ ထိခိုက်မှာပေါ့။ မီနီအိုးဝေက အရစ်ကျ ဝယ်ထားတာလေ။ ဒါပေမယ့် ဘာတတ်နိုင်မှာလဲ။ လက်ခံရမှာပေါ့” ဟု မီနီအိုးဝေယာဉ်မောင်း ကိုဇာနည်က ပြောကြားခဲ့သည်။

မတ်လ ၂၅ ရက်က မန္တလေးအထွေထွေ ရောဂါကုဆေးရုံကြီး အရေးပေါ် ပြင်ပလူနာဌာနသို့ အမေရိကန်နိုင်ငံသား ခံယူထားသည့် မြန်မာလူမျိုး Mr.Sean Tan(ခ)ကိုကျော်လင်း (မမ-၂၇)၊တိုက်၆ တွင် မြရည်နန္ဒာရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ်နေသူသည် ချောင်းဆိုးပြီး လည်ချောင်းယားလာသဖြင့် ဆေးကုသမှု ခံယူရန်နှင့် ၎င်းအား COVID-19 ရောဂါ ရှိ/မရှိ သိရှိနိုင်ရန် ကန်တော်နဒီ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။

ကိုကျော်လင်းသည် မတ်လ ၅ ရက်နေ့တွင် မိဘများရှိသော အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့သို့ သွားရောက်လည်ပတ်ပြီး မတ်လ ၁၉ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း မတ်လ ၂၁ ရက်နေ့မှစ၍ နေအိမ်စောင့်ကြည့် ယူခဲ့ရပြီး မတ်လ ၂၅ ရက်နေ့ ၀၈၀၀ နာရီခန့်တွင် ချောင်းဆိုးပြီး လည်ချောင်း ယားလာသဖြင့် ကန်တော်နဒီတွင် ဆေးကုသမှုယူရန် ရောက်ရှိလာခြင်းဖြစ် ကြောင်း၊ ၎င်းတွင် COV19ရောဂါမှာ Positiveဖြစ် ကြောင်းကို မတ်လ၂ရရက် နံနက်၁နာရီ ၄၅မိနစ်တွင် ကျန်းမာရေးဝန်ကြီးဌာနမှ ကြေညာခဲ့သည်။ ထို့ပြင် ၎င်းသည် ရန်ကုန်မှ မန္တလေးသို့ ခိုင်မန္တလေးယာဉ်လိုင်းဖြင့် စီးလာကာ ကျွဲဆည်ကန်ကားကွင်းမှ အိမ်သို့ မီနီအိုးဝေယာဉ်ဖြင့် ပြန်လာခဲ့ရာ ချောင်းဆိုးဝေဒနာများ ခံစားရသဖြင့် ပုဂ္ဂလိက ဆေးခန်းများတွင် သွားရောက် ကုသမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။
EMG

Comments
Post a Comment